
ခြောက်ဆယ်ဝပ်မီးသီးရဲ့
ဖျော့တော့သော
အလင်းရောင်အောက်မှာ
မင်းအတွက်ဆိုပြီး
ကဗျာတွေထိုင်ပြီးရေးဖူးပါရဲ့။
ညှီစို့နံ့လှောင်တဲ့
အခန်းကျဉ်းထဲမှာ
ကိုယ့်သွေးကို
ခြင်တွေထံပေးလှူရင်း
ရူးရူးမိုက်မိုက်
တမ်းတဖူးပါရဲ့။
ကားအကောင်းစားကြီးပေါ်က
မင်းပုံရိပ်ကို
ထောင့်ကျကျစားပွဲမှာ
ရေနွေကြမ်း
တောင်းသောက်ရင်း
နှလုံးသားထက်မှာ
မှတ်တမ်းတင်ဖူးပါရဲ့။
တကယ်တော့လေ
ကွာဟမှုဆိုတဲ့စည်းက
ရွှေဘုံပေါ်က
မင်းသမီးကို
ရူးမိုက်စွာ
စွဲလမ်းချင်တဲ့
လမ်းဘေး နှလုံးသားတွေအတွက်
သီးသန့်ချမှတ်ထားသော
ပုဒ်မတစ်ခုပါ။
(သိုးဆောင်း၏ အချစ်တောင်းခံလွှာ စာအုပ်မှ )
No comments:
Post a Comment